Social Media
26 Dec 2024 / 1 min read
အရင်တုန်းက လူမှုကွန်ရက်တွေဟာ လူသားတွေကို နီးကပ်စေဖို့၊ အကြောင်းအရာတွေကို အချိန်နဲ့တပြေးညီ ဖလှယ်နိုင်ဖို့ ဒီဇိုင်းထုတ်ထားတာပါ။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ အဆိပ်အတောက်တွေလိုမျိုးဖြစ်လာပြီး ကျွန်တော်တို့အတွက် စိတ်ညစ်စရာတွေ အပူတွေပေးလာတာ များလာပါတယ်။
Facebook ဟာ အရင်တုန်းက မိတ်ဆွေတွေ၊ သူငယ်ချင်းတွေနဲ့ အပြန်အလှန်ဆက်သွယ်ဖို့အတွက် သုံးခဲ့ကြပါတယ်။ ဒါပေမယ့် ခုလာတော့ အဲ့ဒီရည်ရွယ်ချက်က ပျောက်ဆုံးသွားပြီး၊ ကြော်ငြာတွေ၊ ရန်ပွဲတွေ၊ သတင်းမှားတွေအပြည့်နဲ့သာ တွေ့ရပါမယ်။
မိတ်ဆွေသူငယ်ချင်းတွေရဲ့ ပိုစ့်တွေအစား ကြော်ငြာနဲ့စိတ်ပျက်စရာအကြောင်းအရာတွေပဲ တောက်လျောက်ပေါ်နေတယ်။ ဒါကြောင့် Facebook က စိတ်ပျက်စရာပလက်ဖောင်းတစ်ခုဖြစ်လာပြီး မသုံးဖြစ်လာတာများပါတယ်။ ပြီးတော့ သူရဲ့ ပေါ်လစီနဲ့ support ကလည်း စိတ်ပျက်စရာပါ။ ကျွန်တော့် အကောင့်ကိုပါ အကြောင်းမရှိပိတ်ဖြစ်လိုက်တာက မသုံးဖြစ်အောင် တွန်းပို့လိုက်သလို့ပါပဲ။
Facebook အစား ကျွန်တော် Twitter ကို သုံးဖြစ်လာခဲ့တယ်။ Twitter ဟာ သတင်းနဲ့ အချက်အလက်တွေကို ရိုးရှင်းလျင်မြန်စွာပေးပို့နိုင်တဲ့ကွန်ရက်ဖြစ်ပါတယ်။ တစ်ချို့အတွက် နောက်ဆုံးသတင်းနဲ့ နိုင်ငံရေး၊ နည်းပညာ၊ ကျန်းမာရေး အကြောင်းအရာတွေကို ရိုးရိုးရှင်းရှင်း ဖော်ပြပေးတဲ့ အခန်းကဏ္ဍအဖြစ် သုံးစွဲခဲ့ပါတယ်။
ဒါပေမယ့် အမေရိကန်ရွေးကောက်ပွဲနဲ့ Elon Musk ရဲ့မဲဆွယ်တာတွေကြောင့် သူကိုပါ block လုပ်ရတဲ့အထိ မမြင်ချင်မှအဆုံး ဖြစ်ခဲ့ရတယ်။
နောက်ပိုင်းမှာ ကျွန်တော်တို့ Bluesky နဲ့ Reddit ကို စမ်းသုံးလာတယ်။ Bluesky ဟာ decentralized ဖြစ်တာကြောင့် ကိုယ်ရဲ့ feed ကိုကိုယ်လိုသလို့ ပြင်ဆင်လို့ရပါတယ်။
Reddit မှာတော့ ဝါသနာပါရာ community တွေစုနေတဲ့အတွက် ကျွန်ုပ်တို့စိတ်ဝင်စားရာ အကြောင်းအရာတွေကို ပိုမိုရိုးရိုးရှင်းရှင်းနဲ့ ရှာဖွေနိုင်တယ်။ အဓိကအားသာချက်ကတော့ ဝိုင်းဝန်းဆွေးနွေးနိုင်မှုဖြစ်တယ်။
သတင်းတွေအတွက်ကတော့ RSS Feeder တွေကို စမ်းသုံးဖြစ်လာတယ်။ RSS Feeder တွေဟာ ကြော်ငြာမပါဘဲ ကိုယ်လိုချင်တဲ့အချက်အလက်ကိုသာ စုဆောင်းပေးတဲ့ နည်းလမ်းတစ်ခုဖြစ်တယ်။ VPN ပြဿနာလည်း ဖြေရှင်းပြီး သလိုဖြစ်ပါတယ်။
လူမှုကွန်ရက်တွေဟာ အဆိပ်အတောက်တစ်ခုလိုဖြစ်နေတယ်ဆိုရင် ကျွန်တော်တို့ကိုယ်တိုင်က သုံးစွဲမှုပုံစံတွေကို ပြောင်းလဲပြီး ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ နည်းလမ်းတွေကို ရှာဖွေဖို့ အချိန်တန်ပြီပဲဖြစ်ပါတယ်။