A story about my first wiki contribution
10 Mar 2022 / 1 min read
ဝီကီပီးဒီးယားနဲ့ ပထမဆုံးတွေ့ဆုံခဲ့တာ ကျောင်းသားဘဝ ၇/၈ တန်းလောက်က ထင်ပါတယ်။ Google Search ကနေ တစ်ခုခုကို ရှာဖွေနေစဉ်မှာ မြန်မာလိုရေးထားတဲ့ ဝီကီပီးဒီးယားဆောင်းပါးတစ်ခုကို တွေ့မိပြီး စိတ်ဝင်စားလာခဲ့ပါတယ်။ မြန်မာလိုဖတ်ရတာ ပိုလွယ်တာကြောင့် ဝီကီပီးဒီးယားကို သဘောကျခဲ့ပြီး သိချင်တာတစ်ခုရှိတိုင်း ဝီကီမှာ ရှာဖတ်တော့တာပါ။
အစပိုင်းမှာ ဝီကီပီးဒီးယားက အကြောင်းအရာတွေ အတော်မစုံသေးပါဘူး။ ဒါပေမယ့် စွယ်စုံကျမ်းစာအုပ်တွေထက် လွယ်လွယ်ကူကူ ရှာဖတ်နိုင်တာကြောင့် သဘောကျခဲ့တာပါ။ ပြီးတော့ အဲ့တုန်းက Telenor နဲ့ဆိုရင် အင်တာနက်ဖိုးမကုန်ဘူးလေ။
ဝီကီပီးဒီးယားကို ဖတ်ရင်းနဲ့ စာလုံးပေါင်းအမှားတွေ တွေ့ပါတယ်။ ကိုယ့်က ပြင်ချင်ပေမယ့် မပြင်တတ် မသုံးတတ်လို့ ဒီတိုင်းပဲ ထားလိုက်ရတာက ခပ်များများပါ။
နောက်ပိုင်းမှာ ဝီကီပီးဒီးယားအကောင့်ဖွင့်ပြီး ဘယ်လိုပြင်လို့ရမလဲဆိုတာကို ရှာဖတ်ကြည့်ပါတယ်။ အဲ့တုန်းက ဝီကီပီးဒီးယားရဲ့ VisualEditor ရှိပေမယ့် ခုလောက်သုံးရအဆင်မပြေသေးပါဘူး။ markdown လို့ပဲ ပြောရမလားပဲ wikitext markup တွေဆိုတော့ Header h1 လိုချင်ရင် ဘယ်လို၊ လင့်ထည့်ချင်ရင် ဘယ်လိုဆိုတာမျိုးတွေကို ပြင်ခါနီး Wiki Cheatsheet သွားပြီး ဖတ်ရပါသေးတယ်။
အစပိုင်းက စာလုံးပေါင်းလေးတွေ ဝင်ပြင်ကြည့်ပါတယ်။ နောက်ပိုင်း ပြင်ရင်းနဲ့ သဘောတရားကို သိလာတော့ ၂၀၁၈ခုနှစ် လောက်မှာ ကျွန်တော့်ရဲ့ ပထမဆုံး ဆောင်းပါးတစ်ပုဒ်ကို ရေးကြည့်ပါတယ်။ Publish လုပ်ပြီးတာတော့ ရင်ခုန်ခဲ့ရတာပါ။ ကိုယ့်ရေးထားတာလေး အက်မင်တွေ ဖျက်တာများ ခံရမလားပေါ့။
မြန်မာဝီကီမှာ အဆင်ပြေတော့ အင်္ဂလိပ်ဝီကီဘက်မှာလည်း ရေးကြည့်ပါတယ်။ အင်္ဂလိပ်ပိုင်းက မြန်မာပိုင်း စည်းကမ်းပိုကြီးတော့ သတိတော့ထားရပါတယ်။ အခန့်မသင့်ရင် ဆောင်းပါးအဖျက်ခံရတာအပြင် ရာသက်ပန် ban ခံရနိုင်လို့ပါ။ ဒါတုန်း ၂၀၂၀ခုနှစ်တုန်းက ban ခံရဖူးပါတယ်။ လူမှားပြီး ban တာပါ။ အဲ့တုန်းကဆို ဘယ်လိုမှ ဝင်ပြင်လို့ကို မရတာပါ။ အကောင့်သစ်ဖွင့်လည်းမရ။ VPN နဲ့လည်းမရနဲ့ နောက်တော့ မြန်မာဘက်က အက်မင် ကိုနင်ဂျာ အကူအညီနဲ့ ဝင်ပြောမှပဲ အဆင်ပြေသွားတာပါ။ အဲ့တုန်းက မှတ်မှတ်ရရပါပဲ။